Friday, February 5, 2010

ကရင်စစ်ပြေး ဒုက္ခသည်များကို ထိုင်းက မြန်မာဘက် စတင်ပြန်ပို့

ထိုင်းအခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့ပေါင်း (၇၀) ကျော်က ထိုင်းအစိုးရကို မေတ္တာရပ်ခံနေသည့်ကြားမှ ကရင်စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၃) စုကို ထိုင်းအာဏာပိုင်များက ယနေ့နံနက်တွင် အတင်းအကျပ် နေရပ်ပြန်ပို့လိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ နောင်ဘိုးယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည် (၁၀) ဦးပါဝင်သည့် မိသားစု (၃) စု ကို ဒေသခံလုံခြုံရေး တပ်ဖွဲ့ဝင်များက အတင်းအကျပ် မြန်မာဘက်သို့ ပြန်ပို့လိုက်ခြင်းဖြစ်သည်။

မျက်မြင်သက်သေ ဒုက္ခသည်တဦးက “ဒီမနက်အစောကြီးဘဲ ထိုင်းစစ်တပ် (ထာ့ဟန်ဖန်း) က သူတို့ကို အတင်းကားပေါ် တက်ခိုင်းပြီး ဟိုဘက်ကမ်းပြန်ပို့လိုက်တယ်၊ စခန်းထဲမှာလည်း အရပ်ဝတ်တွေနဲ့ ကရင်လိုတတ်တဲ့ ထိုင်းစစ်သားတွေက ဒုက္ခသည်တွေကို ပြန်ဖို့ လိုက်ပြီး ပြောဆိုနေတယ်” ဟု ပြောသည်။

ဒုက္ခသည်များက အန္တရာယ်ရှိသည့်အတွက် လောလောဆယ်တွင် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်းပြောပြီး ယာယီဒုက္ခသည် စခန်းအတွင်းမှာပင် ဆက်လက်နေထိုင်လျက်ရှိသည်ဟု သိရသည်။

ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “ဒီနေ့မနက် စခန်းထဲကို ယူအန်အိပ်ခ်ျစီအာက လူတွေလာတော့ သူတို့ နည်းနည်း ရှိန်သွားတယ်။ ယူအန်ကလူတွေ ရှေ့မှာတော့ ဆိုးဆိုးဝါးဝါးမလုပ်ရဲကြဘူး။ ဒီညကိုတော့ သတိထားရမယ်၊ ဒုက္ခသည်တွေ ကြောက်တာက ညဘက်ဖမ်းပြီး ပြန်ပို့မှာကိုကြောက်တယ်။ အခုအခြေအနေကတော့ ဒီလူတွေက နအဖ၊ ဒီကေဘီအေ ထက်တောင် ဆိုးနေတယ်၊ ကိုယ်ချင်းစာတရားမရှိဘူး” ဟု ပြောသည်။

ယနေ့နံနက်က နောင်ဘိုးယာယီဒုက္ခသည်များ၏ နေအိမ်များကိုလည်း အာဏာပိုင်များက ၀င်ရောက်စစ်ဆေးမှုများပြုလုပ်ရာ လက်ကိုင်ဖုန်းတလုံးကို တွေ့ရှိသွားပြီး “မင်းတို့က ဒီဖုန်းတွေနဲ့ ယူအန်နဲ့သတင်းဌာနတွေကို သတင်းပေးနေကြတယ်” ဟုဆိုကာ သိမ်းဆည်းသွားသည်။

ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ရပ်ဆိုင်းပေးပါရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ထိုင်းရှေ့နေများ ကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီအဖွဲ့က ယမန်နေ့က ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုင်းအစိုးရကို မေတ္တာရပ်ခံခဲ့သည်။

ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီ ဒု-ဥက္ကဋ္ဌ နိုင်ဆူလဖုံးက “ထိုင်းနိုင်ငံဟာ ငလျင်ဒဏ်ခံရတဲ့ ဟေတီနိုင်ငံကို ကူညီပြီး ကရင်ဒုက္ခသည်တွေကို မကူညီရင် ဝေဖန်ခံရမယ်။ သူတို့ကိုပြန်ပို့ရင် မြေမြှုပ်မိုင်းရှင်းလင်းတဲ့အချိန်ထိ စောင့်ဆိုင်းဖို့ လိုသလို ကူညီရေးအဖွဲ့တွေ စေလွှတ်ပြီး ဒုက္ခသည်တွေကို ဘေးကင်းရာမှာ စောင့်ရှောက်ထားဖို့လည်း လိုတယ်” ဟု ပြောကြားသည်။

KWO ၏ ပြောခွင့်ရပုဂ္ဂိုလ် နော်ဘလူးမင်းနိုက်ဇန်က “များပြားလှတဲ့ မြေမြှုပ်မိုင်းရှိတဲ့နေရာကို ဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲ ပြန်ပို့တာဟာ သူတို့ကို သေတွင်းထဲ ပြန်ပို့တာနဲ့အတူတူပါပဲ။ သူတို့ကိုပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းပြီး သူတို့ကို လုံခြုံတဲ့ နေရာမှာ ထားရှိဖို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။

အဆိုပါစစ်ပြေးဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်တပ်က ယနေ့ ဖေဖော်ဝါရီ (၅) ရက်မှ စတင်ကာ မြန်မာဘက်သို့ အပြီး ပြန်ကြရမည်ဟု အမိန့်ပေးထားကြောင်း ဒုက္ခသည်များက ပြောသည်။

ကရင်စစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံပြန်ပို့မည့်အရေးကို အမေရိကန် လွှတ်တော်အမတ် (၂၇) ဦးကလည်း အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ကရင်ဒုက္ခသည်များကို ကာကွယ်ပေးစေလိုကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်ထံ ဖေဖော်ဝါရီ (၄) ရက်နေ့စွဲဖြင့် လက်မှတ်ရေထိုးကာ စာရေးသားပေးပို့ခဲ့ကြသည်။

ရဲရင့်

Thursday, February 4, 2010

နော်လွီဇာဘင်ဆင် - ကရင်အမျိုးသားတို့ ရဲ့  ငွေကြယ်တပွင့်

ခိုင်မာကျော်ဇော(မိုးမခ)

မယ်ဗမာတဦးလည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်တဦးလည်းဖြစ်၊ မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး အတွက် ကျိုးပမ်းဆောင်ရွက်နေသူလည်းဖြစ်တဲ့ နော်လွီဇာဘင်ဆင်(၆၉)နှစ်ဟာ ဖေဖော်ဝါရီလ(၂)ရက်နေ့ မွန်းလွဲပိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွား ပြီဖြစ်ပါတယ်။

ကရင်လူမျိုးတော်တော်များများကတော့ နော်လွီဇာဘင်ဆင်ကို မယ်ဗမာတဦး၊ ရုပ်ရှင်သရုပ်ဆောင်တဦးဆိုတာ ထက် မြန်မာ့ပြည်ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးကို တက်ကြွစွာလှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးလို့ပဲ အသိများကြပါတယ်။
နော်လွီဇာဘင်ဆင် ကိုယ်တိုင်ကလည်း ကရင်အမျိုးသားတွေရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေးနဲ့ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် သူမ တတ်နိုင်တဲ့ဘက်က လှုပ်ရှားဆောင်ရွက်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့သူပါ။

နော်လွီဇာရဲ့ ဘဝကောက်ကြောင်းတွေကို ပြန်ပြောင်းကြည့်ရင် မိဘတွေက ကြွယ်ဝ ချမ်းကြပါတယ်။ ပေါ်တူဂီနိုင်ငံ သားဖခင်နဲ့ ကရင်လူမျိုး မိခင်က မွေးဖွားလာတဲ့ နော်လွီဇာဟာ ရုပ်ဆင်းအင်္ဂါ ချောမော လှပမောသူပါ။ ၁၉၅၆ ခုနှစ်မှာ မယ်ဗမာဖြစ်လာပြီး အဲ့ဒီအချိန်ကစလို့ ရုပ်ရှင်လောကထဲကို ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၅၆-၆ဝ ကာလတွေဟာ နော်လွီဇာ နံမည်ကျော်ခဲ့တဲ့ ကာလတွေပဲလို့ နော်လွီဇာခေတ်ကို မှီခဲ့သူတွေ ပြောကြပါတယ်။

နော်လွီဇာကိုယ်တိုင်ကတော့ နံမည်ကျော် လူသိများတဲ့ ဘဝထက် ရိုးစင်းတဲ့ ဘဝတခုကိုပဲ ပိုင်ဆိုင်ချင်ခဲ့တာပါ။ နိုင်ငံခြားမှာ ဘွဲ့တခုရအောင် ပညာသင်မယ်။ ပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းမယ်ဆိုတဲ့ စိတ်ကူးလည်း နော်လွီဇာမှာ ရှိခဲ့ဖူးပါတယ်။ ဒီစိတ်ကူးတွေကို နော်လွီဇာ ကျိုးစားပြီး အကောင်အထည် ဖော်ခဲ့ပါသေးတယ်။ နော်လီဇာဟာ သူမ စိတ်ကူးအတွက် အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့မှာ ပညာသင် ကြားခဲ့ပါတယ်။ ဘွဲ့ရလို့ မြန်မာပြည် ပြန်ရောက် လာတော့ ရုပ်ရှင်လောကထဲကို ခြေဦးမလှည့်တော့ပဲ တက္ကသိုလ်မှာ နည်းပြဆရာမ အလုပ်ကိုပဲ နော်လွီဇာ လုပ်ခဲ့ပါတယ်။
အေးအေးချမ်းချမ်း၊ ရိုးရိုးစင်းစင်းပဲ ဘဝကို လျှောက်လှမ်းမယ်လို့ စိတ်ကူးရှိပေမယ့် နော်လွီဇာရဲ့ ဘဝမှာ မထင် မှတ်တဲ့ အလှည့်အပြောင်းတခုနဲ့ ကြုံခဲ့ရပါတယ်။ ဒါကတော့ ကေအဲန်ယူ တပ်မဟာ(၅)က ဗိုလ်မှူးလင်းထင်နဲ့ အကြောင်းပါ ခဲ့ရာက စခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ နော်လွီဇာဘဝမှာ အလှည့်ပြောင်းတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။

“အဲဒီအချိန်ကစပြီး ကရင့်တော်လှန်ရေးအကြောင်းကို ကျမ ပိုပြီး သိခဲ့ရတယ်။ ကရင်လူမျိုးတွေ ကြုံတွေ့ခံစားနေရ တာတွေကိုလည်း ကျမ ပိုပြီး သဘောပေါက်လာတယ်။ ကိုယ့်လူမျိုးတွေ ဒုက္ခဆင်းရဲ ခံစားနေရတာကို တွေ့ရတော့ ကျမ စိတ်ထဲ မကောင်းဘူး။ ကျမနိုင်သလောက် ကူညီလုပ်ပေးချင်တဲ့ စိတ်တွေ ရင်ထဲမှာ ဖြစ်ပေါ်လာတယ်”
လို့ နော်လွီဇာ ဘင်ဆင်က သူ့ဘဝ အချိုးအကွေ့ တခုက ရလာတဲ့ အမျိုးသားရေး ချစ်စိတ်ကို ပြန်ပြောင်း ပြောပြဖူးပါတယ်။
ဗိုလ်မှူးလင်းထင် ဆုံးပြီးနောက်မှာ နော်လွီဇာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာပါတယ်။ ရေစက်မကုန်တော့ ဘော်စတွန်မှာ ကျောင်းတက်တုန်းက မေတ္တာမျှခဲ့တဲ့ ရည်းစားဦး အမေရိကန်နိုင်ငံသားနဲ့ ပြန်ဆုံတွေ့ပြီး နော်လွီဇာ နောက် အိမ်ထောင် ထူထောင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့အချိန်ကစပြီး မြန်မာ့အရေးအတွက် နော်လွီဇာ ကြိုးပမ်းခဲ့ပါတယ်။ အိမ်ထောင်ဖက်ဖြစ်သူကလည်း နော်လီဇာရဲ့ ခံစားချက်နဲ့ နော်လွီဇာရဲ့ ဆောင်ရွက်မှုတွေကို နားလည်မှု အပြည့်အဝပေးခဲ့ တယ်လို့ နော်လွီဇာက ပြောဖူးပါတယ်။



မြန်မာ့နိုင်ငံရေး၊ မြန်မာပြည်သူတွေနဲ့ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို နိုင်ငံတကာက စိတ်ဝင်တစားရှိ လာဖို့နဲ့ ကူညီဆောင်ရွက်နိုင်ဖို့အတွက်လည်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ မြန်မာ့အရေး ကြားနာပွဲတွေ ဖြစ်ပေါ်လာအောင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့အတူ နော်လွီဇာ လက်တွဲဆောင်ရွက်ခဲ့ပါ တယ်။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုရဲ့ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ နော်လွီဇာဟာ တောတွေတောင်တွေထဲက တော်လှန်ရေးနယ်မြေဒေသ ဆွေးနွေးပွဲတွေမှာလည်း တက်ကြွစွာ ဆွေးနွေးအကြံပေးသူပါ။ အနေအထိုင် ကျစ်လစ်ပြီး၊ စိတ်နေစိတ်ထား နှိမ့်ချတတ်တဲ့ နော်လွီဇာဘင်ဆင်ဟာ တော်လှန်ရေးရဲဘော်တွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကိုလည်း ရင်းနှီးနွေးထွေးစွာ အားပေးပြောဆိုတတ်သူပါ။

နော်လွီဇာခေတ်ကို မှီခဲ့၊ နော်လွီဇာကို ခရေစီဖြစ်ခဲ့ဖူးတဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့က နော်လွီဇာဘင်ဆင်ကို သူတို့ခေတ်ရဲ့ ကြယ်တပွင့်လို့ တင်စားပြောဆိုကြသလို မျက်မှောက်ခေတ် ကရင်လူမျိုးတွေကလည်း ကရင်တိုင်းရင်းသား အရေးသာမက မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ ဘဝတူ တိုင်းရင်းသားများရဲ့အရေးကို နောက်ဆုံးထွက်သက်အထိ ကျိုးပမ်း ဆောင်သွားရွက်ခဲ့တဲ့ နော်လွီဇာဘင်ဆင်ကို ကရင်အမျိုးသားတို့ရဲ့ ငွေကြယ်တပွင့်လို့ စူးနစ်စွာယုံကြည်ပြီးတော့ အမြဲသတိတရ ရှိနေဦးတော့မှာပါ။

ဖေဖော်ဝါရီ(၃)ရက်၊ ၂ဝ၁ဝ။

Wednesday, February 3, 2010

(၂၃)ကြိမ် မြောက် အခြေခံကျန်းမာရေးသင်တန်းဆင်းပွဲ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဆေးတပ်မှဖွင့်လှစ်သည့် (၂၃)ကြိမ် မြောက် အခြေခံကျန်းမာရေးသင်တန်းဆင်းပွဲကို ၃၀-၁-၁၀ ရက်နေ့က ကော်သူးလေပြည်နယ် ဖာပွန်ခရိုင်တွင် ကျင်းပခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ။

ဓါတ်ပုံ -- မိုးသောက်ကြယ်













(၆၁)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ

(၆၁)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ၃၁-၁-၁၀ ရက်နေ့က ကရင်ပြည်နည် ဖာပွန်ခရိုင်ရှိ တပ်မဟာ(၅)တွင် ကျင်းပခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ။

ဓါတ်ပုံ -- မိုးသောက်ကြယ်



















Tuesday, February 2, 2010

မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒုက္ခသည်များ ပြန်မပို့ရေး ကရင်အမျိုးသမီးအဖွဲ့ အသနားခံ

စစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ကြောင့် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာရသော ကရင်ဒုက္ခသည် (၃,၀၀၀) ကျော်ကို မြေမြှုပ်မိုင်း အန္တရာယ်ရှိနေသော နေရပ်သို့ အတင်းအကျပ် ပြန်မပို့ရေးအတွက် ကရင်အမျိုးသမီးအဖွဲ့က ယနေ့ ထိုင်းအစိုးရသို့ အသနားခံစာ ရေးသားပေးပို့လိုက်သည်။

ထိုင်းစစ်တပ်က ယခုလ (၅) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း အဆိုပါ အမျိုးသမီးနှင့်ကလေးငယ် အများစုပါဝင်သော ကရင်ဒုက္ခသည် (၃,၀၀၀) ကို နေရပ်ပြန်ရန် ပြောကြားထားပြီးဖြစ်သည်။

“မိုင်းတွေထဲမှာ ပြန်လွှတ်မယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလေ။ အဲဒါကို ကျမတို့ သတိလည်းပေးတယ်၊ အသနားလည်း ခံထားတယ်။ သူတို့ရဲ့ ညှာတာထောက်ထားမှုလည်း ဆက်လက်ထားရှိပေးဖို့ ကျမတို့ ယုံကြည်တယ်။ ဒါကြောင့် ကျမတို့ ဒီစာကိုရေးတာပါ” ဟု ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး (၁) ဖြစ်သူ Blooming Night Zan က ပြောကြားသည်။

ထိုင်းအစိုးရက မြေမြှုပ်မိုင်းအန္တရာယ်၊ စားနပ်ရိက္ခာ အခက်အခဲတို့ ရင်ဆိုင်နေရသည့် စစ်ဖြစ်ပွားခဲ့ရာ ဒေသများသို့ ကရင် ဒုက္ခသည်များကို အတင်းအကျပ် နေရပ်ပြန်ပို့နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အသိပေး စာရေးသားရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“တိုက်ပွဲမရှိသော်လည်း ဗုံးတွေ ရှိနေတယ်။ ဘယ်သူမှလည်း မရှင်းဘူး။ ဘယ်သူမှလည်း အာမခံချက်မပေးဘူး။ စားနပ်ရိက္ခာကလည်း ပြဿနာ။ စားနပ်ရိက္ခာက ဘယ်နှရက် ဘယ်နှလ ပို့ပေးနိုင်သလဲ။ ကျန်တဲ့အချိန်က သူတို့ လုပ်ကိုင် စားသောက်ရမယ်။ ဒါပေမယ့် ဘယ်မှာမှ မိုင်းကြောင့် ဘယ်မှမသွားရဲတဲ့ အနေအထားရှိတယ်” ဟု Blooming Night Zan က ဆက်လက်ပြောကြားသည်။

မြေမြှုပ်မိုင်းကြောင့် ဒုက္ခသည်များ အသက်ဆုံးရှုံးခြင်း၊ ကိုယ်အင်္ဂါ ဆုံးရှုံးခြင်းများ ဖြစ်ပွားနေကာ ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၈) ရက်နေ့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက် ဆုံးရှုံးသွားရကြောင်း သိရသည်။

“ဒီစစ်ကြောင့် မြေမြှုပ်မိုင်းဒဏ်ကို အဓိကခံစားနေရတာက အမျိုးသမီးတွေနဲ့ ကလေးတွေ၊ ကျမတို့ ဘယ်လိုမှ မခံစားနိုင်ပါဘူး။ ကျမတို့ အမျိုးသမီးအဖွဲ့အနေနဲ့ ဒါကို ကြည့်မနေနိုင်ပါဘူး” ဟု ကရင်အမျိုးသမီးအဖွဲ့ အတွင်းရေးမှူး (၁) က ပြောကြားသွားသည်။

ပြီးခဲ့သည့်နှစ်က နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက ကေအန်ယူကို ထိုးစစ်ဆင်နွှဲခဲ့မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာရသည့် ကရင်ဒုက္ခသည် (၃,၀၀၀) ကျော်မှာ ထိုင်းနိုင်ငံ ထာ့ဆောင်ယန်း ဒေသတွင် ခိုလှုံနေခြင်းကို ထိုင်းစစ်တပ်က နေရပ်ပြန်ရန် ဖိအားပေးနေခြင်းဖြစ်သည်။

ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုဗိုလ်ချုပ်ထနွန်စာ အဖိရတ်ယိုထင်က စစ်ပြေးဒုက္ခသည်အချို့ ခိုလှုံနေသည့် နောင်ဘိုးယာယီဒုက္ခသည်စခန်းသို့ ပြီးခဲ့သည့် ဇန်န၀ါရီ (၂၈) တွင် လာရောက်ပြီး ဒုက္ခသည်များအား နေရပ်သို့ အမြန်ဆုံးပြန်ပို့မည်ဟု ပြောကြားခဲ့သည်။

စိုးမိုး ခေတ်ပြိုင်မှကိုးကား

Monday, February 1, 2010

မဲဆောက်အနီး တောထဲတွင် မြန်မာ (၇) ဦးသေဆုံးမှု မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အစီရင်ခံစာတင်ရ

ထိုင်းနယ်စပ် မဲဆောက်အနီး ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် သေနတ်ဒဏ်ရာဖြင့် မြန်မာ (၇) ဦး သေဆုံးမှုတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိမရှိ သိရှိနိုင်ရန် မြို့နယ် ရဲတပ်ဖွဲ့ဝင်အားလုံး ယနေ့နောက်ဆုံးထား၍ အစီရင်ခံစာ တင်ကြရမည်ဟု တာ့ခရိုင်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး ပန်ညာဆူအင်က အမိန့်ပေးထားသည်။



ခရိုင်ရဲမင်းကြီး၏အမိန့်တွင် အခင်းဖြစ်ပွားသည့်ကာလ ယခင်လ (၂၃) ရက်မှ (၂၈) ရက်အတွင်း ဖို့ဖတ်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်အားလုံး မည်သည့်နေရာတွင် ရှိကြောင်း၊ တယ်လီဖုန်းဖြင့် မည်သူ့ကို အဆက်အသွယ်လုပ်ကြောင်း၊ မိမိကိုင်ဆောင်သည့်သေနတ် သတ်မှတ်ရက်အတွင်း ပစ်ခတ်မှုရှိမရှိ စသည်တို့ကို လာရောက် အစီရင်ခံရမည်ဟု ပါရှိသည်။

အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် တောလမ်းခရီးအတိုင်း ဘန်ကောက်သို့အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ်အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများတွင် အသုံးများသည့် ကျည်များဖြစ်သည်ဟု သိရသည်။

ယခင်လ (၂၇) ရက်၌ ဖို့ဖတ်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာရုပ်အလောင်း (၄) လောင်းနှင့် ယမန်နေ့က ထပ်မံတွေ့ရှိသည့် မြန်မာ (၃) လောင်းအပါအ၀င် သေဆုံးသူ (၇) ဦးမှာ လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ရွာသားများဖြစ်ကြသည်။

သေဆုံးသွားသူတဦးဖြစ်သည့် နန်းပိုင်မူး၏ခင်ပွန်းဖြစ်သူ ကိုကြည်အောင်က “ကျနော်က ဘန်ကောက်မှာ အလုပ်လုပ်တယ်။ ကျနော့်မိန်းမက ရွာမှာ ကလေးငယ်နှစ်ယောက်ကို ချန်ထားပြီး အလုပ်လုပ်ဖို့လိုက်လာတာ။ သေတဲ့အထဲမှာ ကျနော့်ညီ ထူးအောင်နဲ့ သူ့မိန်းမလည်း ပါတယ်။ ဒီလူတွေ အတော်ရက်စက်တယ်။ အခု သူတို့အလောင်းတွေ မီးသဂြုင်္ိဟ်ဖို့ ကျနော်တို့ စောင့်နေတယ်၊ ရဲက ဘာမှမပြောသေးဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည်မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏အစီအစဉ်အရ ယခင်လ (၂၇) ရက်တွင် တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယမန်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ (၁၂) ဦးတွင် (၂) ဦးပျောက်ဆုံးနေပြီး (၃) ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ၎င်းတို့ကို ထိုင်းရဲက ထိန်းသိမ်းထားသည်။

ပျောက်ဆုံးနေသူ (၂) ဦးမှာ သေဆုံးသွားပြီးဟု ယူဆရပြီး ၎င်းတို့ကို တောနင်းရှာဖွေလျက်ရှိသည်ဟု ထိုင်းရဲအရာရှိက ပြောသည်။

မဲဆောက်မှ ၀ါရင့်ထိုင်းသတင်းထောက်တဦးက “ဒီအမှုဖြစ်စဉ်ကိုကြည့်ရတာ ၀န်ထမ်းအချို့ ပါဝင်ပတ်သက်မှုရှိမယ်လို့ ထင်တယ်။ ဘာလို့ဆိုတော့ ခရိုင်ရဲမင်းကြီးကတောင် အမိန့်ထုတ်ရတယ်ဆိုတော့ အမှုနောက်ဆက်တွဲကို စောင့်ကြည့်ရမယ်” ဟု ပြောသည်။

ဖို့ဖတ်မြို့နယ်ရဲစခန်းမှ ရဲဒုဗိုလ်မှူးကြီးစုံစာမလိဖုံးက “ဒီအမှုဟာ လူမှောင်ခိုသမားတွေက ငွေယူပြီးတော့ ဘန်ကောက်မပို့ဘဲ တောထဲမှာ သူတို့ကို သတ်လိုက်တာလို့ ယူဆရတယ်” ဟု ပြောသည်။

တောလမ်းခရီးတွင် ၎င်းတို့ကို ဦးဆောင်လမ်းပြသည့် မြန်မာလူကယ်ရီမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းအား ထိုင်းရဲမှ လိုက်လံရှာဖွေလျက်ရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ှ ထိုင်းရဲမှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ်ခံရမှုများ မဲဆောက်နှင့်အနီးဝန်းကျင်ရှိ မြို့နယ်များတွင် ဖြစ်ပွားခဲ့ဖူးသည်။

လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်တွင် မြန်မာအလုပ်သမား(၈) ဦး အုပ်စုလိုက်အသတ်ခံရမှုနှင့် မဲလမတ်မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦး အုပ်စုလိုက်အသတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။



ရဲရင့်ခေတ်ပြိုင်မှကိုးကားတင်ပြပါသည်..